ညဉ့်အမှောင်သည် မကုန်ဆုံးနိုင်ဘဲ ပိန်းပိတ်သား မည်းမှောင်နေသည်။ အရုဏ်၏ အလင်းစ ထွက်ပေါ်မလာ၊ နံနက်ခင်းအချိန် ဖြစ်ပေါ်မလာဘဲ ရှည်လျားသော ညဉ့်အမှောင်သာ အတိလွှမ်းလျှက်ရှိ၏။
“အရှင်မင်းကြီး... အရုဏ်မတက်လာပါ။ ကယ်တော်မူပါ။ ညဉ့်အမှောင်ထဲမှာ တစ်ပြည်လုံး နစ်မြုပ်ဒုက္ခရောက်နေကြပါပြီ” ဟု ဟစ်ကြွေးကြတော့သည်။
ပြည့်ရှင်မင်းကြီးလည်း ထူးဆန်းတုန်လှုပ်ဖွယ် ဤအဖြစ်သနစ်ကြီးကို တွေးဆနေချိန် ဖြစ်၏။ နံနက်အရုဏ်တက်ရမည့်အချိန် အရုဏ်မပေါ်လာဘဲ အမှောင်ထုသာ ကြီးစိုးနေသည်မှာ အဘယ်ကြောင့်နည်း။ မိမိသည် ပြည့်ရှင်မင်းတစ်ပါးအနေဖြင့် ဗာရာဏသီ အရေးအရာ မှန်သမျှအတွက် တာဝန်အရှိဆုံး ဖြစ်လေသည်။ ဤသို့ အချိန်ကာလဖောက်ပြန်၍ နေ့မရောက်လာဘဲ ညဉ့်ကာလကြီး ဖြစ်ထွန်းနေသည်မှာ မိမိတစ်စုံတစ်ခု မှားယွင်းသလော။ မိမိသည် မင်းကျင့်တရားတို့မှ သွေဖည်ခဲ့သလား။ အပရိယာနိယတရားတို့၌ ချွတ်ယွင်းခဲ့သလား။ မိမိဘယ်နေရာတွင် မှားယွင်းတိမ်းချော်ခဲ့သနည်း။
