စာအုပ်ဖတ်ခြင်းက လူတွေရဲ့ အသိဉာဏ် ဗဟုသုတကို တိုးတက်စေတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ စာဖတ်တဲ့နေရာမှာလည်း ကိုယ့်ရဲ့ ရွေးချယ်မှုပေါ်မူတည်ပါတယ်။ ကိုယ့်အတွက် တိုးတက်စေမယ့် အကြောင်းအရာပါတဲ့ စာအုပ်ကို ရွေးချယ်တဲ့သူနဲ့ ရသစာပေကို ရွေးချယ်တဲ့သူဆိုပြီး ကွဲပြားပါသေးတယ်။
ဘယ်လို စာအုပ်မျိုးကိုရွေးချယ်ပါစေ "စာအုပ်စာပေ လူ့မိတ်ဆွေ" ဖြစ်တာကြောင့် စာဖတ်ခြင်းက အကျိုးမယုတ်စေတဲ့ အရာဖြစ်ပါတယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချနည်းတစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ပြီး အခုလို မိုးအေးအေးမှာ ကော်ဖီလေးတစ်ခွက်နဲ့ စာအုပ်လေးဖတ်နေခြင်းက သုခဘုံတစ်မျိုးပါ။
