ချစ်ခြင်းမေတ္တာကို လေးလေးနက်နက်ခံစားရစေတဲ့စာအုပ်လေးမို့ ဖတ်ကြည့်ဖို့ အကြံပေးချင်မိတယ်။
အချစ်လို့ပြောရင် အတွေ့အထိကိုမှ ဘဝကြီးတစ်ခုလို ပြောနေကြတဲ့ ကောင်မျိူးတွေကို နန်းနွယ်ဆိုတဲ့ သူကတော့ လှောင်ပြောင်ကာ ရယ်နေတော့မှာ အမှန်ပါပဲ။
"အချစ်ဆိုတာမျိုးက ခန္ဓာကိုပူလောင်စေတဲ့
ရာဂမီးတွေနဲ့ လုံးလုံးမပတ်သတ်ကြောင်း
အချစ်ကို တလေးတစားတန်ဖိုးထားသူ
တချို့တလေကပဲ သိနိုင်တတ်ကြတာလေ "
စာအုပ်ထဲက နှစ်ပြည်ထောင်စစ်ဖြစ်ရလောက်အောင် ယောကျ်ားတွေ မက်မောလွန်းလှတဲ့ ပြည့်တန်ဆာမလေး ယမင်းသူဇာ.......
ဇာတ်သမ ပြည့်တန်ဆာကိုမှ ရူးရူးမူးမူး ချစ်မိသွားခဲ့တဲ့ ခုနှစ်ထွေငမိုက်သားကတော့ နန်းနွယ်ဆိုတဲ့ သူဌေးသားလေးပါပဲ။
အတွေ့.....အတွေ့....အတွေ့
ထိုအတွေ့ထူးကို ပြည့်ခဲ့သူက ယမင်းသူဇာဆိုတဲ့ ဇာတ်သမလေး ပါရမီတော်ပြည့် ထိုအတွေ့ကြောင့် ပုရိသအစုံ ရူးကြကုန်လေပြီ။
ထိုလက်ဆောင်ကြောင့်ပဲ သူမကိုအသုံးချကာ လူတစ်ချို့ကျိကျိတတ်ချမ်းသာသွားတယ်။ လူတချို့ ချွတ်ခြုံကျအောင်ဆင်းရဲသွားတယ်။ သူမကြောင့်ပဲ လူတွေအများကြီးပျော်ခဲ့ရသလို သူမကြောင့်ပဲ လူတွေအများကြီး စိတ်ဆင်းရဲခဲ့ရတယ်။ အတွေ့ထူးလှတဲ့ ဇာတ်သမ ပြည့်တန်ဆာကို တဏှာရာဂတွေ ပြည့်နှက်နေတဲ့ သူတွေအတွက် သာယာကောင်းသာယာနိုင်ပင်မဲ့ တဏှာရာဂကင်းကာ ချစ်ခဲ့သော မေတ္တာရှိသူကြီး နန်းနွယ်ကတော့ ယမင်းသူဇာဆိုတဲ့ သူ့ယမင်းရုပ်လေးရဲ့ ညတွေကို အေးချမ်းစေချင်ခဲ့တယ်။
သူရဲကောင်းတွေက ဆောင်ဓားကိုဝံ့ရင်း
တိုက်တိုင်းအောင်ကြောင်း သက်သေပြခဲ့တယ်။
ယောကျ်ားမြတ်တွေက သီလကိုခြုံရင်း
သီလ လုံကြောင်း သက်သေပြခဲ့တယ်။
သူကတော့ ရင်ဘတ်ကိုဖွင့်ရင်း
အချစ်ဟာ စစ် ကြောင်း အဲ့ဒီညက သက်သေပြခွင့်ရခဲ့ပါတယ်။
အဲ့ဒီ ညကပေါ့.......
တချို့လူတွေက စကားနဲ့ ပြောတာထက် လုပ်ရပ်နဲ့ အပြုအမူတွေပေါ်မှာ သက်သေပြတတ်ကြတယ် မဟုတ်လား။ နန်းနွယ်ဆိုတဲ့ သူသည်လည်း သူ့ယမင်းရုပ်လေးအပေါ် စကားထက် အလုပ်နဲ့ သက်သေပြ ချစ်ခဲ့တယ်။ သူ့အသည်းပွတ်ကြွေသွားထိအောင်ကို သူ့အချစ်ကို သက်သေပြခဲ့တယ်။
နန်းနွယ်တစ်ယောက် သူ့ယမင်းရုပ်လေးကို ဘယ်လောက်ချစ်တယ်ဆိုတာ စာအုပ်လေးကိုဖတ်ကြည့်ရင် သိနိုင်မှာပါပဲ။ ယမင်းရုပ်လေးကို ဘယ်လောက်ထိ ကာကွယ်ပေးချင်ခဲ့သလဲ မထိရက်မတို့ရက်ခဲ့တဲ့သူ့ယမင်းရုပ်လေးကရော သူ့အပေါ် ဘယ်လိုသဘောထားသလဲ .....။
အပြင်လောကမှာ မင်းကိုနန်းနွယ်လောက်မချစ်နိုင်ပင်မဲ့ မင်းရဲ့ အတိတ်မကောင်းလို့ ဘဝမလှတဲ့ မင်းဘဝရဲ့ ဖြစ်တည်မှုလေးကို နားလည်ပေးပြီး ချစ်ပေးနိုင်မယ့် သူကတော့ ရှိမှာပဲ ။
အများကြီး ရေးချင်ပင်မဲ့ စာအုပ်တစ်အုပ်လုံး ရေးရမှကျေနပ်မယ့်ကိုယ့်အဖြစ်မို့ အများကြီး မပြောတော့ဘူး အဆုံးထိဖတ်ကြည့်ဖို့သာ ပြောချင်မိတော့တယ်......။

